Friday, June 20, 2014

အမြန်နှုန်း 225Mbps ဖြင့် သုံးနိုင်မည့် LTE-A broadband ကို SK Telecom မိတ်ဆက်

တောင်ကိုရီးယား၏ အကြီးဆုံး မိုဘိုင်းအော်ပရေတာဖြစ်သော SK Telecom သည် အမြန်နှုန်း 225Mbps ဖြင့် အသုံးပြုနိုင်မည့် broadband LTE-Advanced ဝန်ဆောင်မှုသစ်ကို မိတ်ဆက်ပေးခဲ့သည်။

လက်ရှိ မိုဘိုင်းချိတ်ဆက်မှုသည် အမြင့်ဆုံး 75Mbps သာ ရှိသည့်အတွက် အထက်ပါ နည်းပညာသစ်က ၃ ဆ ပိုမိုလျင်မြန်လာပြီး 800MB ရုပ်ရှင်များကို ၂၉ စက္ကန့်အတွင်း download ပြုလုပ်နိုင်စေမည် ဖြစ်သည်။ LTE-A broadband ဝန်ဆောင်မှုသည် carrier aggregation (CA) နည်းပညာကို အသုံးချထားသောကြောင့် မြန်နှုန်းမြင့် အချက်အလက် ရွှေ့ပြောင်းမှုကို ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။

အဆိုပါ နည်းပညာကို ပြီးခဲ့သည့် ရက်သတ္တပတ်က ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Mobile Asia Expo တွင် SK Telecom နှင့် Nokia တို့ ဦးဆောင်သည့် သုတေသနအဖွဲ့က သရုပ်ပြသခဲ့ပြီး ၎င်းနည်းပညာ၏ အမြန်နှုန်းသည် 3.8Gbps ဖြင့် စံချိန်တင်ခဲ့သည်။ ယခင်စံချိန်မှာ 450Mbps သာရှိပြီး ၎င်းနည်းပညာကို ဖေဖော်ဝါရီလက Mobile World Congress တွင် SK Telecom သရုပ်ပြသခဲ့သည်။

Samsung Galaxy S5 သည် LTE-A အမြန်နှုန်းကို အထောက်အပံ့ပေးနိုင်သည့် ပထမဦးဆုံး ထုတ်ကုန် ဖြစ်လာခဲ့သည်။ ထို့အပြင် LG နှင့် Pantech တို့ကလည်း LTE-A အထောက်အပံ့ ပါဝင်သည့် ထုတ်ကုန်သစ်များကို ဇူလိုင်လ အစောပိုင်းတွင် မိတ်ဆက်ပေးရန် စီစဉ်လျက်ရှိသည်။

Credit:Internet Journal

Post By:MMIT


No comments:

Post a Comment